နမ့်ဆန်မြို့အဝင်ရှိ စေတီတစ်ဆူကို တအာင်းလက်နက်ကိုင်အဖွဲ့ TNLA က ဘတ်ဟိုးဖြင့် ဖြိုချဖျက်ဆီးခဲ့ကြောင်း နစက အသိပေးထုတ်ပြန်
မြူနစ် (NSS) - ဇန်နဝါရီ ၂၂
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့အဝင်ရှိ စေတီတစ်ဆူကို တအာင်းလက်နက်ကိုင်အဖွဲ့ TNLA က ဘတ်ဟိုးဖြင့် ဖြိုချဖျက်ဆီးခဲ့ကြောင်း နစကမှ အသိပေးထုတ်ပြန်ထားသည်။
နမ့်ဆန်မြို့အဝင်ရှိ တောင်ကုန်းပေါ်၌ တည်ထားကိုး ကွယ်သော ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ စေတီတော်ကို TNLA အဖွဲ့ဝင်များက ဇန်နဝါရီလ ၁၀ ရက်မှစ၍ ဘတ်ဟိုးဖြင့် ဖြိုချဖျက်ဆီးခဲ့ရာ ဇန်နဝါရီလ ၂၀ ရက်တွင် အပြီးသတ်ပြိုကျပျက်စီးသွားခဲ့သည်ဟု နစကမှ ဆိုသည်။
ထို့ပြင် ၎င်းစေတီတော်အတွင်း ဋ္ဌာပနာထားသည့် ပစ္စည်းများကိုလည်း TNLA အဖွဲ့ဝင်များက ယူဆောင်သွားခဲ့ကြောင်း သိရှိရသည်ဟုလည်း သတင်းထုတ်ပြန်ထား သည်။
အဆိုပါစေတီသည် ပလောင်တောင်ပိုင်စော်ဘွားကြီး မဟာသရေစည်သူစပ်ခွန်ပန်းစိန်က ၎င်းလက်ထက်တွင် တည်ထား ကိုးကွယ်ခဲ့ခြင်းဖြစ်ပြီး ခေတ်အဆက်ဆက်၌ နယ်မြေခံတပ်မတော်သားများနှင့် ဒေသခံပြည်သူများ ပူးပေါင်းကာ ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်း၊ ရွှေသင်္ကန်း ကပ်လှူခြင်း၊ ရွှေထီးတော်တင်လှူခြင်းများ ဆောင်ရွက်ခဲ့သည့် စေတီတော်တစ်ဆူဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် နမ့်ဆန်မြို့အဝင်ရှိ စေတီတစ်ဆူကို ဘတ်ဟိုးဖြင့် ဖြိုချဖျက်ဆီးမှုနှင့်ပတ်သက်၍ တအာင်းလက် နက်ကိုင်အဖွဲ့ TNLA တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုခြင်းမျိုး မရှိသေးပေ။
အလားတူ ပြီးခဲ့သော ဇန်နဝါရီလ ၈ ရက်တွင်လည်း ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA အဖွဲ့ဝင်အချို့သည် လောက်ကိုင်မြို့နယ်၊ ဆီအောကျေးရွာ၊ ဆင်ဦးကင်းကုန်းပေါ်ရှိ စေတီတော်တစ်ဆူကို သံတူဖြင့် ထုကာ ဖြိုချဖျက်ဆီးခဲ့သော ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးသည်။
အဆိုပါ ဆင်ဦးကင်းကုန်းပေါ်ရှိ စေတီတော်တစ်ဆူကို MNDAA အဖွဲ့ဝင်အချို့က သံတူဖြင့် ထုကာဖြိုချဖျက်ဆီးခဲ့မှုအပေါ် ၎င်းအဖွဲ့က ဝန်ခံထားပြီး ဗုဒ္ဓဘာသာဝင်များကိုလည်း ပြန်လည်တောင်ပန်းမှု ပြုလုပ်ထားသည်။
လက်ရှိတွင် အကြမ်းဖက်သမားများအနေဖြင့် ဗုဒ္ဓဘာ သာဝင်များ အထွဋ်အမြတ်ထားရာ ဘုရား၊ စေတီ၊ ဆင်းတုတော်များ၊ သာကနိကအဆောက်အဦးများနှင့် အခြားဘာသာဝင်များ၏ ဘာသာရေးဆိုင်ရာအဆောက် အဦးများကို Drop ဗုံးပစ်ချခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းပြုလုပ်ကာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသည်ဟုလည်း နစကမှ ထုတ်ပြန်ထားသည်။
ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ ဘုရားစေတီများကို အကြမ်းဖက်အဖွဲ့က ဖျက်ဆီးနေမှုများနှင့်ပတ် သက်၍ ဘာသာရေးအဖွဲ့အစည်းများအပါအဝင် ရဟန်းသံဃာနှင့် ပြည်သူလူထုအများအပြားက ကန့်ကွက်ရှုတ် ချမှုများ ရှိခဲ့သည်။
Comments :
0 comments
ဝန်ကြီးချုပ်နာမည် အသုံးပြု ကိုယ်ကျိုးအမြတ်ထုတ်သူများကို အရေးယူပေးရန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖေါ်
Video Test