သန့်ရှင်းရေးလုပ်ရမည်ဟုဆိုကာ တရုတ်အမျိုးသား(၃)ဦးနှင့် လိင်ဆက်ဆံစေခိုင်းခဲ့သူကို အလုပ်နှင့်ထောင်ဒဏ်(၁ဝ)နှစ်ချမှတ်
NP News - ဇွန် ၂၂
အမျိုးသမီးတစ်ဦးအား သန့်ရှင်းရေးလုပ်ရမည်ဟု လိမ်လည်ခေါ်ယူကာ တရုတ်အမျိုးသား(၃)ဦးနှင့် လိင်ဆက်ဆံစေခိုင်းခဲ့သည့် အမျိုးသမီးတစ်ဦးကို အလုပ်နှင့်ထောင်ဒဏ်(၁ဝ)နှစ်ချမှတ်ခဲ့ကြောင်း သိရသည်။
နစကမှ ယမန်နေ့(ဇွန်လ ၂၁ ရက်) ညပိုင်းတွင် အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်သည်။
မန္တလေးတိုင်း၊ မိတ္ထီလာမြို့တွင် နေထိုင်သည့် မခင်ဇာဇာလွင်သည် လယ်ဝေးမြို့နယ်တွင် နေထိုင်သည့် အသက်(၃၄)နှစ်အရွယ် အမျိုးသမီးတစ်ဦးအား တာချီလိတ်မြို့ရှိ လောင်းကစားရုံတွင် သန့်ရှင်းရေးလုပ်ရမည်ဟု လိမ်လည်ခေါ်ယူခဲ့ကြောင်း သိရသည်။
၎င်းသည် အဆိုပါအမျိုးသမီးအား သန့်ရှင်းရေးအလုပ်သည် တစ်လလျှင် ဘတ်(၄၅ဝ)ရမည်ဟု လိမ်လည်ပြောဆိုကာ တရုတ်အမျိုးသား(၃)ဦးနှင့် အတင်းအဓမ္မလိင်ဆက်ဆံရန် ခိုင်းစေခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
ထို့ကြောင့် မခင်ဇာဇာလွင်အား မိတ္ထီလာမြို့ အမှတ်(၃)နယ်မြေရဲစခန်းက (ပ)၅၅/၂ဝ၂၂၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ (၃၅)ဖြင့်အမှုဖွင့်ထားပြီး မိတ္ထီလာခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ကြောင်း သိရသည်။
ထို့နောက် ဇွန်လ (၂ဝ)ရက်တွင် မတ္ထီလာခရိုင်တရားရုံးမှ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ (၃၅)အရ မခင်ဇာဇာလွင်အား အလုပ်နှင့်ထောင်ဒဏ် (၁ဝ)နှစ်ချမှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
အလားတူ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် နေထိုင်သည့် မအေးအေးမော်က ထန်းတပင်မြို့တွင် နေထိုင်သည့် အသက်(၂၁)အရွယ်အမျိုးသမီးတစ်ဦးအား တရုတ်နိုင်ငံ၌ အလုပ်လုပ်ရမည်ဟု ပြောဆိုစည်းရုံးခဲ့ကြောင်း သိရသည်။
အဆိုပါအမျိုးသမီးအား ၎င်းအလုပ်သည် တစ်လလျှင် စရိတ်ငြိမ်း ငွေကျပ်(၃)သိန်း၊ (၄)သိန်းရမည်ဟု ပြောဆိုကာ အဆင့်ဆင့်ခေါ်ဆောင်၍ တရုတ်အမျိုးသားများနှင့် ပေါင်းသင်းစေပြီး ငွေကြေးခေါင်းပုံဖြတ်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မအေးအေးမော်အား လှိုင်သာယာမြို့နယ်၊ သောင်ကြီးနယ်မြေရဲစခန်းက (ပ)၁၄၈၆/၂ဝ၂ဝ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ (၂၄/၃၂)ဖြင့် အမှုဖွင့်အရေးယူပြီး မြောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ကြောင်း သိရသည်။
ထို့နောက် မြောက်ပိုင်းခရိုင်တရားရုံးသို့ စွဲချက်တင်ပို့ခဲ့ရာ မေလ(၃ဝ)ရက်တွင် ၎င်းအား လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့်ထောင်ဒဏ်(၁ဝ)နှစ်ချမှတ်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
ဝန်ကြီးချုပ်နာမည် အသုံးပြု ကိုယ်ကျိုးအမြတ်ထုတ်သူများကို အရေးယူပေးရန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖေါ်
(၁)နာရီကျော်ကြာလောင်ကျွမ်းခဲ့သည့် ထိန်ပင်အမှိုက်ပုံမီးလောင်မှုဖြစ်စဥ်တွင် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့