ရန်ကုန်မိုးပျံလမ်း စီမံကိန်းအတွက် တင်ဒါအောင်မြင်သူကို အစိုးရအဖွဲ့ထံ တင်ပြထား
ရန်ကုန် ၊ ဇန်နဝါရီ ၁၂ ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်းအတွက် တင်ဒါအောင်မြင်သူကို ကြေညာနိုင်ရန် အစိုးရအဖွဲ့ထံသို့ တင်ပြထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က ပြောသည်။ အစိုးရအဖွဲ့ကို တင်ပြဖို့လုပ်နေတယ်။ လက်မှတ်ထိုးပေးဖို့ပေါ့။ အစိုးရအဖွဲ့ကို တင်ပြပြီးရင် ထုတ်ပြန်ကြေညာပေးသွားမယ်။ ဖေဖော်ဝါရီ (သို့မဟုတ်) မတ်လထဲတော့ဖြစ်မယ်။ အခုက လက်မှတ်တွေ ပြည့်စုံအောင်တော့ လိုက်လုပ်နေရတယ်။ မထုတ်ပြန်ရသေးတော့ လုပ်ငန်းဘယ်ချိန်စမလဲဆိုတာ ပြောလို့မရသေးဘူးဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က ပြောသည်။ ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်းသည် ကိုဗစ်-၁၉ ကြောင့်လုပ်ငန်းစဉ်များ နှောင့်နှေးနေခြင်းဖြစ်ပြီး အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ ယင်းအပြင် ပြန်လည်ရရှိမည့် ငွေကြေးစနစ်အနေဖြင့် Inner Ring Road ကိုအသုံးပြု သွားလာမည့် မော်တော်ယာဉ်များထံမှ လမ်းဖြတ်သန်းခကောက်ခံပြီး အရင်းကျေရန်နှင့် အကျိုးအမြတ်ရရန်တို့ကို စီမံဆောင်ရွက်သွားရမည့် စနစ်ဖြစ်ကြောင်း သိရသည်။ အတွင်းပတ်လမ်းစီမံကိန်း၏ လမ်းကြောင်းကို ကမ်းနားလမ်းနှင့် ဗိုလ်တထောင်ဘုရားလမ်းမှ စတင်မည်ဖြစ်ပြီး ယင်းမှတစ်ဆင့် ဗိုလ်ချုပ်လမ်း၊ အောက်ပုဇွန်တောင်လမ်း၊ ကြက်ဘဲဈေးကို ဖြတ်၍ သံသုမာလမ်းအတိုင်း တက်မည်ဖြစ်ပြီး တောင်ဥက္ကလာဂေါက်ကွင်း၊ မြောက်ဥက္ကလာလမ်းအတိုင်း ဆက်သွားမည်ဖြစ်ကာ ယင်းမှ မင်္ဂလာဒုံစက်မှုဇုန်၊ ခရေပင်လမ်းအတိုင်း ပြန်ချိုး၍ ဘုရင့်နောင်လမ်းအတိုင်း ဆက်သွားကာ ကွန်ကရစ်လမ်းအစကို ပြန်ရောက်မည်ဖြစ်ကြောင်း သိရသည်။ အရှည် ၂၇ ဒသမ ၅ ကီလိုမီတာခန့်ရှိသော ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်းအပိုင်း(၁) သည် နိုင်ငံတော်အစိုးရ၏ ဦးစားပေးစီမံကိန်း တစ်ခုအဖြစ်ပါဝင်ပြီး စီမံကိန်း၏ အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ စီးပွားရေးဗဟိုချက်ဖြစ်သော ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုများကို လျှော့ချနိုင်ရန်ရည်ရွယ်ကြောင်း သိရသည်။ ယင်းစီမံကိန်းသည် (PPP) အစီအစဉ်ဖြင့် ဆောင်ရွက်သည့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ ပထမဆုံးစီမံကိန်းဖြစ်ပြီး နိုင်ငံတကာမှ ရင်းနှီးမြုပ်နှံသူများအနေဖြင့် စံနမူနာ စီမံကိန်းတစ်ခုအဖြစ် သတ်မှတ် စောင့်ကြည့်နိုင်မည်ဖြစ်ကာ ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်းအပိုင်း (၂) အတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ Request for Expression of Interest (EOI)ကို ခေါ်ယူမည် ဖြစ်ကြောင်း သိရသည်။ ဆက်နိုင်
Comments :
0 comments
ဝန်ကြီးချုပ်နာမည် အသုံးပြု ကိုယ်ကျိုးအမြတ်ထုတ်သူများကို အရေးယူပေးရန် တစ်ကိုယ်တော် ဆန္ဒထုတ်ဖေါ်
တီးတိန်မြို့နယ်နှင့် မင်းတပ်မြို့နယ်ကျေးရွာနှစ်ရွာ၌ လူထုအခြေပြု ခရီးသွားလုပ်ငန်း လုပ်ဆောင်ရန် ပြင်ဆင်